Sunday, 29 May 2011

တိရိစ္ဆာန်ရုံဆောက်ဖို့ လိုသေးလား

တနေ့သ၌ ပျင်းပျင်းရှိသည်နှင့် ကြပ်ပြေးနတ်ကလေး တကိုယ်တည်း ကိုယ်ယောင်ဖျောက်တော်မူပြီး သကာလ ပြည်သူ့အသံ အစစ်အမှန်ကို ကြားနိုင်ရန်အလို့ငှာ ဖုန်တသောသော ထနေသော ကြပ်ပြေးနယ်ပယ်သစ် အ တွင်းရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင် တဆိုင်အတွင်းသို့ ၀င်ရောက်တော်မူပြီး ချောင်တချောင်မှနေ၍ နား စွင့်နေမိလေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင် ကုန်ထမ်းသမား၊ စာရေးစာချီ၊ ထောက်လှမ်းရေး၊ ပွဲစား၊ အလစ် သုတ်သမား၊ ဘိန်းစား၊ ပြည့်တန်ဆာ၊ ကားသမား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည် … စသည်ဖြင့် လူတန်းစားအ လွှာပေါင်းစုံ ကျားမအဖုံဖုံ စတည်းချ စားသောက်နေကြသည်ကို တွေ့ရပေ၏။

တချို့က လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသည့် ဗီစီဒီကာရာအိုကေကို တနေ့လုံးအလုပ်မရှိသည့်အလား စိမ်ပြေန ပြေ ရှုစားအားပေးတော်မူနေကြ၏။ တချို့က ဘုန်းကြီးပေးသည့်ဂဏန်း၊ ဘိုးတော်ပေးသည့်ဂဏန်း၊ အိပ်မက် မက်သည့် ဂဏန်းများအကြောင်း အပြန်အလှန် အမြင်ချင်းဖလှယ်ကာ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြ ၏။ တချို့က မနေ့ညက ကန်သွားသည့် ချယ်ဆီး-လီဗာပူး ချရတီဒိုင်းလုပွဲတွင် လောင်းကြေးများပလုံသွား၍ ချယ်ဆီးနည်းပြမော်ရင်ဟိုအား အမျိုးမျိုးအဖုံဖုံ ကြိမ်ဆဲတော်မူသံကို ကြားနေရ၏။ အောက်ကြေးနိုင်သူများ ကမူ လီဗာပူးအသင်းမှ ဂိုးသွင်းပေးသည့် ရစ်ဆီနှင့်ပီတာခရော့ခ်ျတို့ကို ဘုရားစင်ပေါ်ပင် တင်ထားတော့မည့်အ လား ချီးမွမ်းခန်းအလီလီ ဖွင့်သံကို ကြားနေရပြန်၏။

အလစ်သုတ်သမားတယောက်က ဆိုင်ရှင်လစ်သည်နှင့် ပေါက်စီနှစ်လုံးနှင့် စီးကရက်တပွဲကိုမကာ ထပြေးဖို့ အကြံထုတ်နေ၏။ ကားဒရိုင်ဘာတဦးက မျက်တွင်းဟောက်ပက် ဖြစ်နေသည့် ပြည့်တန်ဆာမတဦးနှင့် ကလူ ကျီစယ် ပွတ်သီးပွတ်သပ် လုပ်နေလေ၏။ ဘိန်းစားတဦးကမူ စီးကရက်တလိပ်ကို လက်သမားခဲခဲပြီး နံရံကို မှီကာ သီချင်းသံကို မျက်စိမှတ်ခံစားရင်း မှိန်းနေလေ၏။ အရပ်ဝတ်နှင့် ထောက်လှမ်းရေးတစ်ယောက်ကို ကား သတင်းစာဖတ်ချင်ယောင်ဆောင်လိုက် ဘေးဘီကို ကျီးကြည့်ကြောင်ကြည့် ကြည့်လိုက်နှင့် ဣနြေ္ဒမရ ဖြစ်နေ သည်ကို တွေ့ရ၏။ သူအဓိက အာရုံရောက်နေသည်မှာ သတင်းစာကို မဟုတ်ဘဲ မလှမ်းမကမ်းဝိုင်းတွင် ခေါင်း ချင်းဆိုင်ကာ တီးတိုးပြောဆိုပြီး ဟားတိုက်ရယ်မောနေကြသည့် ၀န်ထမ်း (၃) ဦး ကို ဖြစ်၏။ သို့သော် သူ့ခမျာ ကြားချင်သည့်အရာကို သဲသဲကွဲကွဲ မကြားရ၍ စိတ်ကသိကအောက် ဖြစ်နေပုံရ၏။ သူ၏အကြည့်က ဒီကောင် (၃) ကောင် ‘မင်းတရားကြီး ကိုယ်တော်ရွှေ’ အကြောင်းများ အတင်းချနေ လေရော့သလားဟူသည့် အကြည့် မျိုးဖြစ်၏။

အဆိုပါ ထောက်လှမ်းရေးကို ကြည့်နေရင်းမှ ကြပ်ပြေးနတ်ကလေးလည်း ထိုဝန်ထမ်း (၃) ဦး အဘယ်သို့သော အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပြီး ဟားတိုက်ရယ်မောတော် မူနေကြပါလိမ့်ဟူသည့် သိချင်စိတ် ကယ်နှင့် ၀န်ထမ်း (၃) ဦး၏ ခေါင်း (၃) လုံးကြားတွင် နေရာယူကာ နားစွင့်တော်မူမိ၏။ ကြပ်ပြေးနတ်ကလေး ရောက်သွားချိန်တွင် ထိုဝန်ထမ်း (၃) ဦး တီးတိုးပြောဆိုနေကြသည်မှာ ကြပ်ပြေးနေပြည်တော်တွင် တိရိစ္ဆာန်ရုံ အသစ် တည်ဆောက်မည့် အကြောင်းအရာဖြစ်၏။ သစ်တောဌာနမှ ၀န်ထမ်းဖြစ်သူက ‘ဟေ့ … မနေ့က ကိုယ်တို့ဌာနကို ဟိုကောင်တွေလာပြီး လိုအပ်သည်များ မှာစားတယ်ကွ။ အဲဒီမှာ ဘာပြောသွားသလဲဆိုတော့ နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နဲ့ပြည့်စုံအောင် တိရိစ္ဆာန်ရုံအသစ်လည်း တည်ဆောက်မယ်လို့ မိန့်မှာသွား တယ်ကွ’ တဲ့။

အဲဒီမှာတင် တိုက်ပုံအနက်ဝတ်ထားသော တရားရေးဌာနမှ ၀န်ထမ်းပြောလိုက်သည့်စကားကို သုံးယောက် သား ရယ်မောလိုက်ကြပြန်ရာ ကြပ်ပြေးနတ်ကလေးပင် အဝေးသို့ လွင့်စင်ခဲ့ရလေ၏။ ကမန်းကတန်း ကုန်းထ တော်မူပြီး ခပ်လှမ်းလှမ်းမှ ထောက်လှမ်းရေးငနဲကို အကဲခတ်လိုက်ရာ ထိုဝန်ထမ်း (၃) ဦးအား ချိုကြည့် ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုတရားရေးဝန်ထမ်း ပြောလိုက်သည့် စကားကတော့ ‘ဟ … အ ထက်ကကောင်တွေအားလုံး ဒီမှာရုံးစိုက်နေမှတော့ တိရိစ္ဆာန်ရုံထပ်ဆောက်ဖို့ လိုသေးလို့လား’ ဟူ သတည်း။

ကြပ်ပြေး-နတ်ကလေး


Credit To : drlunswe

No comments:

Post a Comment