Tuesday, 14 June 2011

အားဆေး (Tonics)

ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

အရေပြား ကောင်းစေဘို့ ဗီတာမင် စီ၊ ဘီ၊ အေ စတာတွေ လိုမယ်။ အားဆေး မှန်သမျှ ဗီတာမင်တွေ ဖြစ်ပါတယ်။ ဗီတာမင်တွေထဲမှာ ဘီအုပ်စုကို ပေါင်းစပ်တာက အသုံးအများဆုံးဖြစ်တယ်။ ဗီတာဇုံးဆိုလည်း အဲဒါပါဘဲ။ B-Complex, Polybion စတဲ့ နာမည်တွေ အတော်ကို များများရှိတယ်။ ပါတာတွေက မတိမ်းမယိမ်းပါ။ ဒီဆေးကို လူတိုင်းသုံးစွဲလို့ရတယ်။

Furamin BC သံဓါတ်လို သွေးအားကောင်းဆေးထဲမှာလည်း ဗီတာမင် ရောတယ်။
(အမိုင်နို-အက်စစ်) ဆိုတဲ့ ပရိုတင်းဓါတ် ပါတဲ့ဆေးလည်း ရှိတယ်။ Moriamin Forte (Calcium pantothenic) ဆိုတာမျိုးပေါ့။
Deca-Durabolin လူကြီးအတွက် ဆိုပြီး Anabolic hormone ဟော်မုန်းတွေ ပါတာမျိုးလည်း ရှိသေးတယ်။ လူတိုင်းနဲ့ မသင့်ပါ။
Algae ရေမှော်ပင်ကနေထုတ်တဲ့ ဆေးမျိုးမှာ vitamins A, B1, B2, B6, C အပြင် Iodine, Potassium, Iron, Magnessium, Calcium ဓါတ်ဆားတွေ ပါတယ်။

ဆေးတွေက နာမယ်တွေသာ ကွာတယ် ဗီတာမင်တွေဘဲ၊ အတူတူပါဘဲလို့ ပြောရပေမဲ့ လူတဦးကနေ သူနဲ့ဒီဆေးက သူနဲ့ ပိုတည့်တယ်လို့ ဆိုနိုင်ပါတယ်။ ငြင်းစရာမရှိပါ။ လူဆိုတာ သူ့စိတ်ကနေ ဒါကပိုကောင်းတယ်လို့ ထင်နေတာကိုက သူ့အတွက် အားသားချက်တခု ဖြစ်စေတယ်။ စိတ်ရဲ့တန်ခိုးဆိုတာ သိပ်ကြီးမားတာကိုး။

ဆေးဝယ်ရင် ဆေးကုမ္ပဏီ ကောင်းကောင်းကနေ ထုတ်တာ ဝယ်သင့်တယ်။ အင်္ဂလန်နဲ့ ကနေဒါကထုတ်တဲ့ Multibionta ဗီတာမင်နဲ့ ဓါတ်ဆားတွေ ပါတဲ့ဆေးကို အာရှက ထုတ်တဲ့ဆေးတွေ လိုက်မမီပါ။ အိန္ဒိယထုတ် Maxirich ဆေးလည်း ကောင်းပါတယ်။ Neem, Karanj, Castor, Vermicompost သဘာဝ အပင်၊ ပစ္စည်းတွေကနေ ထုတ်တာဖြစ်တယ်။

ဒါပေမဲ့ တရုပ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် ညံ့တဲ့နိုင်ငံတွေက ထုတ်တဲ့ ဆေးတိုင်းကို အာမမခံနိုင်ပါ။

Dr. တင့်ဆွေ

ငါးမျက်စိ(Corn)

ကျွန်မချစ်သူ ခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လို လုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲ ဆိုတာရယ်။ ဘယ်လို သတိပြု နေထိုင်သင့်တယ် ဆိုတာ ပြောပြပေးပါရှင့်။

ဟုတ်တယ် “ငါးမျက်စိ” လိုမျိုး လူတော်တော်များများ ဖြစ်ကြတယ်။ မနေ့ကတောင် ဆရာ့ဆေးခန်း လာပြတာ ၂ ယောက် ရှိတယ်။ ခွဲဘို့ ရက်ချိန်းပေးလိုက်ရတယ်။

Corns and Callus လို့ အလွယ် ခေါ်တယ်။ ဆေးစာလိုကြ Hyperkeratosis, Clavus, Heloma and Tyloma လို့လဲ ခေါ်ကြတယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်း မတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ အရေပြာက ထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်က သူ့ဖါသာ ကာကွယ်တာလုပ်ရင်းကနေ အဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲ အသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာကိုယ်က သူ့ကို Foreign body လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters တွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာလုပ်ပေးနိုင်တယ်။ (bathroom surgery) ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေး လိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံး တံစဉ်း(ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေး ဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကို ဖျော်ပြီး ဆေးဖေါ်တာကို အခုတော့ တားထားတယ်။

နောက်ဆုံး ခွဲစိတ်ရမှာပါဘဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီး ပျောက်သွားတာပါဘဲ။

Dr. တင့်ဆွေ

လေးဘက်နာ (Rheumatism )

လေးဘက်နာဟာ လူရွယ်တွေ သိချင်ကြတဲ့၊ သိသင့်တဲ့ ရောဂါတခုပါ။ ဆေးစာမှာတော့ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ Rhumatic အဆစ်နာ၊ Rhumatic အဖျား၊ Rhumatic နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကော သောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် Arthritis ရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုထဲ လုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။

Arthritis အဆစ်နာတယ် ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား မမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ ကမ္ဘာမှာ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ ဆိုင်လို့ Auto-immune ရောဂါအုပ်စုမှာ ပါတယ်။ AIDS နဲ့ မဆိုင်ပါ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

“အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။” များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက Rheumatic fever (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အဝါရောင် အဖျား ရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။

သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။ ASO ဆိုတာ Antistreptolysin-O သွေးစစ်တာခေါ်တယ်။ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာ ပြန်လုပ်နိုင်အောင် ကုသပေးတာ နဲ့ ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (ကော်တီကိုစတီရွိုက်) ဆေး၊ (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

Rheumatic အဖျားဖြစ်ရင် ချက်ချင်း ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ Antibiotics ကို ၁ဝ ရက်အပြည့် ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေး ပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဆိုတာ ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ Rheumatic fever က ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ် အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ လိုအပ်သေးရင် Physical and Occupational therapist (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ Corticosteroids ဆေးထိုး ပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။ Synovectomy, Arthroplasty လုပ်ရတာပါ။

ဆရာဝန်မလိုတဲ့ ဆေးနည်းတွေလဲ ရှိတယ်။ အာလူးရည်ကို အစာမစားခင်၊ လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သောက်ပါ။ အားလူးကို အခွံမခွါတာ ပျင်းလို့လည်း ဟုတ်တယ်။ အခွံကလည်း ဒီအတွက် ကောင်းသတဲ့။ အာလူးခွံကို ကျကျနန ရေဆေး၊ ၃ဝ ဂရမ်ကို ရေ လီတာဝက်နဲ့ ထက်ဝက်ကျသွားအောင် ပြုတ်ပြီး သောက်ပါ။ ဘူးခါး အရည်ကို ပျားရည်နဲ့ရော သောက်ပါ။ တရုတ်နံနံအကြီး အစေ့ကို အရည်ဖြစ်အောင်လုပ် ၅-၁ဝ စက်ကို ရေနွေးထဲ ထည့်သောက်။ သံပုရာရည် တနေ့ ၂-၃ ကြိမ်သောက်။ အသား-ငါး၊ သကြား၊ လျော့စားပါ။ အရက်၊ ကော်ဖီ၊ လက်ဘက်ရည်၊ လျော့သောက်ပါ။

ခဏခဏ အဆစ်နာရင် အလုပ်အကိုင်ပါ ပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် Rheumatoid arthritis ဖြစ်ရင် လုံးဝ ပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတ ဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစော သိဘို့လိုတယ်။ သိလို့ အပြင်းအထံ ဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

Dr. တင့်ဆွေ

ကြွက်တက်ခြင်း (Cramps)

ဆရာရှင့်၊ ကျန်းမာရေး ဆောင်းပါးလေးတွေကို ဆရာ့ Blog မှာ ဝင်ဖတ်ဖြစ်ပါတယ်။ ယခုလဲ ကြွက်တက်တဲ့ရောဂါနဲ့ ပတ်သတ်တာ သိချင်လို့ပါ။ ကျမအမေက ခြေသလုံးကြွက်သား ကြွက်ခဏခဏတက်လို့ ဆေးသောက်နေရပါတယ်။ ဘာကြောင့် ကြွက်ခဏခဏ တက်တာလဲဆိုတာ သိချင်ပါတယ်ရှင်။ ဆေးသောက်နေတုန်းပဲ သက်သာပြီး၊ ဆေးရပ် လိုက်တာနဲ့ ပြန်ဖြစ်နေလို့ ဆေးကို စွဲသောက်တာရော ကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆေးမသောက်ဘဲ လေ့ကျင့်ခန်း လုပ်တာမျိုး၊ အစားအသောက် ရှောင်တာမျိုး လုပ်လို့ရလျင်လဲ ညွန်ပြပေးစေလိုပါတယ်။

ဘောလုံးသမားတွေ ကြွက်တက်တာကို ဝါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။

ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အဝလွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ဝမ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။

သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ဝယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။

Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။

ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။

ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။

ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။

Dr. တင့်ဆွေ

Friday, 3 June 2011

ကျန်းမာရေး စစ်ဆေးခြင်း

ဆေးပညာရှင် အများစု၏ အယူအဆအရ ကျန်းမာရေး ဆေးစစ်ခြင်းဆိုသည်မှာ တကိုယ်လုံး၏ အရေးကြီး အင်္ဂါအစိတ်အိပိုင်းများကို စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကို ရောဂါများ ထင်ထင်ရှားရှား မပေါ်မီ သိရှိနိုင်ရန် ဖြစ်သည်။ ဆေးစစ်ခြင်း၏ ဦးတည်ချက်ကို အကြမ်းဖျင်း သုံးရပ် ခွဲထားသည်။

(၁) သက်ရှိဇီဝလက္ခဏာ---
ဥပမာ-အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း စသည့် ခန္ဓာကိုယ်ပြင်ပ အမြင်နှင့် တကိုယ်လုံး စစ်ဆေးခြင်းများ ဖြစ်သည်။

(၂) ခန္ဓာကိုယ် အင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်း---
ဥပမာ-သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ နှလုံး (ECG) စစ်ဆေးခြင်း၊ နားကြားနိုင်အား၊ မျက်စိ မြင်နိုင်အား၊ အဆုတ်စွမ်းအား စသည့် အတွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း ဖြစ်သည်။

(၃) အတွင်းအင်္ဂါများ၏ တည်ဆောက်ဖွဲ့စည်းပုံ 
ဥပမာ-ရင်ဘတ်ကို အိတ်စ်ရေး (X-ray) ရောင်ခြည် ရိုက်ကြည့်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မြင်ကွင်း ရိုက်ကြည့်ခြင်း၊ အာလ်ထရာဆောင်း (အသံလွန်ရောင်ခြည်) ဖြင့် စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။ 

ဤဦးတည်ချက် ၃-ရပ်ဖြင့် ကွယ်ဝှက်နေသာ ရောဂါ ရှိ-မရှိ၊ ရောဂါ စဖြစ်နေခြင်း ရှိ-မရှိ၊ ရောဂါ ရှိလျှင်လည်း ရှိနေခြင်းတို့ သိရှိကာ ဆောလျင်စွာ ကုသနိုင်သည်။ ထိုသို့ ကုသခြင်းဖြင့် ရောဂါကို လျှော့ပေါ့ ပျောက်ကင်းစေနိုင်သည်။
ရောဂါဖြစ်ပေါ်ခြင်းကို ဆေးပညာ၏ သိပ္ပံပညာရေးရာ ဥပဒေသအရ အဆင့် ၅-ဆင့် ခွဲထားသည်။

(၁) ရောဂါဖြစ်လွယ်သော ကာလ---
ဤအချိန်ကာလတွင် ရောဂါမဖြစ်ပေါ်သေး။ သို့သော် ရောဂါအန္တရာယ် အကြောင်းရင်းများ တည်ရှိနေပြီ။ ဥပမာ-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးမြင့်ခြင်း၊ ကိုလက်စထရော များခြင်း၊ သွေးချို များခြင်း စသည်တို့ ဖြစ်သည်။

(၂) ရောဂါ စမ်းသပ်ကုသရေး မတိုင်မီ---
ဤအချိန်ကာလတွင် ရောဂါအကြောင်းရင်းများကြောင့် ခန္ဓာကိုယ်၏ တစိတ်တဒေသတွင် ပြောင်းလဲမှု ဖြစ်နေသော်လည်း ပြင်ပအမြင်နှင့် နေ့စဉ် နေထိုင် စားသောက်မှုတွင် ရောဂါလက္ခဏာ မပြသေးပေ။

(၃) ရောဂါဖြစ်ချိန်ကာလ---
ထိုအချိန်ကာလတွင် ရောဂါလက္ခဏာများ တဖြည်းဖြည်း ထင်ရှားလာသည်။

(၄) ပြန်လည်ကျန်းမာ ကာလ---
ရောဂါအခြေအနေ တနေ့တခြား ဆိုးဝါးလာသောအခါ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း၊ သို့မဟုတ်-လုပ်ဆောင်နိုင်မှု ပျက်ပြားခြင်းတို့ ဖြစ်ပြီး နာတာရှည် ၀ဋ်နာ၊ ကံနာအဖြစ် ဒုက္ခခံစားရမည် ဖြစ်သည်။ သို့မဟုတ်-အချိန်မီ ကုသနိုင်လျှင် မိမိခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား ကောင်းမှုကြောင့် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပျောက်ကွယ်ပြီး နေကောင်းခြင်း၊ ကျန်းမာခြင်းသို့ ပြန်ရောက်နိုင်မည်။

(၅) သေဆုံးခြင်း---
ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှု၊ ယိုယွင်းပျက်စီးမှုတို့ကြောင့် ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်ကို ထိခိုက်ပြီး ကိုယ်ခန္ဓာ အရေးကြီး အင်္ဂါများ ပျက်စီးကာ အသက်နိဂုံးချုပ်ခြင်းသို့ ဦးတည်လေသည်။ 

ကျန်းမာရေး ဆေးစစ်ခြင်း၏ လိုရင်းသဘောသည် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို ရောဂါဖြစ်ပေါ်ခြင်း ပထမအဆင့်မှာပင် ဆောလျင်စွာ ဖယ်ရှားကုသခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်း ထားနိုင်မည်။
မည်သို့ပင် ဆိုစေ အချိန်မှန် ကျန်းမာရေး ဆေးစစ်ခြင်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ၃-ချက် ခွဲနိုင်သည်။

(၁) ခန္ဓာကိုယ်တွင် ငုပ်လျှိုးပုန်းကွယ်နေသော ရောဂါ ဖြစ်နိုင်သည့် အကြောင်းရင်းများကို ဆောလျင်စွာ တွေ့ရှိက အချိန်မီ ဖယ်ရှားကုသရန်။

(၂) ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှုနှင့် တုံ့ပြန်မှုများကို စစ်ဆေးခြင်းဖြင့် အချိန်မီ ပြုပြင်ထိန်းသိမ်းရန်။

(၃) မိမိခန္ဓာကိုယ် လုပ်ဆောင်နိုင်မှုကို ပိုမိုသိရှိနားလည်စေပြီး မှားယွင်းနေထိုင်စားသောက်မှု အလေ့အကျင့်များ ပြုပြင်ကာ အန္တရာယ်ရှိသော အကြောင်းကိုသိ၍ ရောဂါဖြစ်မှုမှ ကာကွယ်ရန်။

ကျန်းမာရေး ဆေးစစ်ခြင်းဖြင့် ကြီးကြီးငယ်ငယ် ရောဂါပေါင်းစုံကို ဖော်ထုတ်လိုသည်မှာ ကမ္ဘာ့လူသားများ၏ တူညီမျှော်မှန်းချက် ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်၏ နည်းပညာအရ ရာနှုန်းပြည့် မဖြစ်နိုင်သေးပေ။

အသက် ၂၀-မှ ၆၀-နှစ်အရွယ်ရှိသူများသည် ကျန်းမာရေးကောင်းကြသည်။ တနှစ်တကြိမ်ခန့် ကျန်းမာရေး ဆေးစစ်လျှင် လုံလောက်ပြီ။ အသက် ၆၀-ကျော်သော်လည်း သွေးတိုး၊ ဆီးချို၊ သွေးအဆီဓာတ် များခြင်း စသည့် ရောဂါမရှိသူဖြစ်လျှင် တနှစ်တကြိမ်ခန့် ဆေးစစ်လျှင် လုံလောက်ပါသည်။

ကျန်းမာရေး ဆေးစစ်ခြင်းကို မည်သို့မှန်ကန်စွာ ရင်ဆိုင်ရမည်နည်း--
(၁) အချိန်မှန်မှန် ဆေးစစ်ပါ။ အချို့ရောဂါသည် တကြိမ်တခါ ဆေးစစ်ရုံနှင့် မတွေ့ရှိနိုင်။ ဆက်တိုက်ဆေးစစ်မှုဖြင့် ပိုမိုတိကျစေနိုင်ပြီး ခန္ဓာကိုယ်တွင်း တဖြည်းဖြည်း ဆိုးဝါးလာသည့် ရောဂါအခြေအနေကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

(၂) ဆေးစစ် ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ဖြစ်ဖူးသော ရောဂါများကို ပြောပြရမည်။ ခါတိုင်းနှင့် မတူသော ခံစားရချက်များ ရှိလျှင် ပြောပြရမည်။
 ဆရာဝန်ကို ပညာစမ်းလိုက်ဦးမည်ဟု တွေးခြင်းသည် အမှားဖြစ်၍ မိမိ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည်။

(၃) မိမိကိုယ်ကို နေ့စဉ် အအိပ်အနေ၊ အစားအသောက်၊ အလေ့အကျင့်တို့ကို သတိပြုခြင်းဖြင့် ရောဂါ ရှေ့ပြေးနိမိတ် လက္ခဏာများ တွေ့ရှိကာ ရောဂါကို သိရှိ ကုသနိုင်ပေသည်။

ပါမောက္ခ ခေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ) 

Credit To : mawluu

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ


လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ 

အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။

အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။

(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။

(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။

(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။

(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။

(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။

(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ 

ဒေါက်တာမောင်မောင်ညို (အံပဖွယ်သုတစာစောင်) 

Credit To : mawluu

သက်ကြီးရွယ်အိုများ ရေသောက်သင့်သော အချိန်ကောင်း ၅-ချိန်

(၁) မအိပ်မီ
သုတေသနပြုချက်အရ သက်ကြီးရွယ်အိုများသည် အိပ်ရာဝင်ခါနီးတွင် ရေသောက်သင့်သည်။ ထိုသို့ ရေမသောက်လျှင် သွေးရည်စေးပျစ် ကျုံ့နည်းစေသည်။ ညအိပ်ချိန်တွင် သွေးကြောတွင်း သွေးခဲဖတ်ကလေးများ ဖြစ်တည်စေနိုင်သည်။ ညအိပ်ရာမ၀င်မီ အချို့က ရေတခွက်မှ မသောက်သည်မှာ ညဘက် ဆီးထသွားရမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ အမှန်မှာ သက်ကြီးရွယ်အို၏ ဆီးအိမ်သည် ကျုံ့သေးသွား၍ ၀င်ဆံ့နိုင်သော ထုထည် ငယ်လာသည်။ ထို့ကြောင့် ရေမသောက်သော်လည်း ညဘက် ဆီးထသွားရမည်သာ ဖြစ်သည်။ 

(၂) ညဥ့်သန်းခေါင်
သက်ကြီးရွယ်အို၏ ကျောက်ကပ်သည် ကျုံ့၍ အလုပ်လုပ်နိုင်စွမ်းအား လျော့နည်းသွားသည်။ ညဘက်တွင် ဆီးသွားများသည့်အတွက် ခန္ဓာကိုယ်တွင်း ရေချို့တဲ့စေနိုင်၍ သွေးရည်စေးပျစ်စေနိုင်သည်။ နှလုံးနှင့် ဦးနှောက် သွေးစီးဆင်းမှု၊ ခုခံအား များလာစေနိုင်သည့်အတွက် သွေးကြောရောဂါများ ဖြစ်စေနိုင်သည်။ ဦးနှောက်သွေးချို့တဲ့ပြီး လေဖြတ်နိုင်သည်။ ထို့ကြောင့် ညဥ့်သန်းခေါင်ချိန် ရေသောက်ခြင်းသည် အလွန်အကျိုးထူးသည်။
 
(၃) နံနက် အိပ်ရာထချိန်
သက်ကြီးရွယ်အိုများသည် ညအိပ်သည့်အချိန်တွင် ဆီးသွားခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း၌ ရေဓာတ် ချို့တဲ့လာမည်။ သွေးရည်ပျစ်ကျုံ့လာမည်။ သွေးရည်လည်ပတ် စီးဆင်းမှု နှေးကွေးလာမည်။ ထိုအခါ ဇီဝဖြစ်ပျက်ဖြစ်စဉ်မှ ပျက်စီးပြီးသော ဇီဝပစ္စည်းများ စုပုံ အနည်ထိုင်စေ နိုင်သည်။ ထို့ကြောင့် အိပ်ရာထသည်နှင့် တပြိုင်နက်တည်း ရေ-သို့မဟုတ် ရေနွေးကြမ်း တခွက် သောက်သင့်သည်။ သွေးတိုး ဦးနှောက်သွေးခဲ ပိတ်ဆို့ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းတို့ကို ကာကွယ်နိုင်မည်။
 
(၄) အနှေးပြေး လေ့ကျင့်မှု မစမီ
ရေသောက်ပြီးမှ အနှေးပြေး လေ့ကျင့်ခြင်း ပြုသင့်သည်။ ထိုသို့ပြုပါက ရေဓာတ်သည် အစာအိမ် အူလမ်းကြောင်း၏ သန့်ရှင်းမှုကို ကူညီထိန်းသိမ်းနိုင်သည်။ ထို့ပြင် သည်းခြေ၏ အဆိပ်ဖြေခြင်းလုပ်ငန်းကို အကူအညီပေးနိုင်သည်။ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်သည်။ ရောဂါ ခုခံနိုင်စွမ်းကို တိုးပွားစေနိုင်သည်။ အအေးမိ၊ လည်ချောင်းနာ၊ အဆစ်ရောင်နာနှင့် အချို့သော အရေပြားရောဂါများကို ကာကွယ်ပေးနိုင်သည်။
 
(၅) ထမင်းမစားမီနှင့် စားပြီးချိန် 
ထမင်းမစားမီ ရေသောက်လျှင် အစာချေရည်ကို ကျဲစေပြီး အစာချေခြင်းကို ညံ့ဖျင်းသွားစေနိုင်သည်ဟု အချို့က ယူဆတတ်ကြသည်။ သုတေသန ပြုချက်အရ ထမင်းမစားမီနှင့် စားပြီး ရေသောက်ပါက အစာချေခြင်းကို အကူအညီ အထောက်အပံ့ ဖြစ်စေသည်ကို တွေ့ရသည်။ သို့သော် သောက်သောရေသည် မများရ၊ နည်းရမည်။ သောက်လျှင် နှေးနှေးသောက်ရမည်။ ရေခဲရေကိုမူ လုံးဝ မသောက်သင့်ပေ။

သက်ကြီးရွယ်အိုများ ကျန်းမာရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ ရှောင်ကြဉ်ရန် ၇-ချက်
(၁) စောစောထ၍ ကျန်းမာရေး မလေ့ကျင့်သင့်
Bio-clock ခေါ် ခန္ဓာကိုယ် ဇီဝနာရီ၏ အချိန်ဇယားအရ သက်ကြီးရွယ်အိုများ အိပ်ရာစောစောထ၍ အပြင်ထွက်ပြီး ကျန်းမာရေး လေ့ကျင့်မှု မပြုသင့်ပေ။ ထိုသို့ ပြုပါက ခန္ဓာကိုယ်၏ ပြင်ဆင်ချိန်ကို ထိခိုက်စေနိုင်သည်။ နေထွက်ပြီး အနည်းဆုံး နာရီဝက်ခန့် ကြာပြီးမှ အပြင်ထွက်လေ့ကျင့်သင့်သည်။

(၂) မိုးမလင်းမီ သစ်ပင်များ ရှိရာသို့ သွားရောက်လေ့ကျင့်ခြင်း မပြုသင့်
အစိမ်းရောင် အပင်များသည် တနေ့တာတွင် လုပ်ဆောင်ချက် နှစ်မျိုး လုပ်ဆောင်သည်။ နေ့ဘက်တွင် အလင်း၊ ရေနှင့် ကာဘွန်ဒိုင် အောက်ဆိုက်တို့ကို အာဟာရ ဖြစ်အောင် ပေါင်းစပ်ပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးသည်။ ညဘက်တွင် အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်သော အသက်ရှူခြင်းကို လုပ်ဆောင်သည်။ ထို့ကြောင့် နေထွက်ပြီး နာရီဝက်ခန့် အနည်းဆုံး ကြာပြီးမှသာလျှင် အပင်များ ၀န်းကျင်တွင် အောက်ဆီဂျင်များ ပေါများလာပြီဖြစ်၍ လေ့ကျင့်မှုသည်လည်း အောက်ဆီဂျင်ရမှ ထိရောက် အကျိုးရှိနိုင်ပေမည်။

(၃) ၀မ်းဟာလျက် နံနက် လေ့ကျင့်ခြင်း မပြုသင့်
တညတာ အိပ်စက်ပြီးနောက် နံနက်၌ ဘာမျှမစားဘဲ ကျန်းမာရေး လေ့ကျင့်လျှင် ကယ်လိုရီ မလုံလောက်မှုကြောင့် ဦးနှောက်သို့ သွေးပို့မှု မလုံလောက်၍ လူကို မအီမသာ ဖြစ်စေနိုင်သည်။ ပေါ့လျှင် ခေါင်းမူး၍ ပြင်းထန်လျှင် ရင်ဟာ၊ ဒူးပျော့ကာ ကောင်းကောင်းပင် မရပ်နိုင်တော့ပေ။ နှလုံးရောဂါရှိသူ ဖြစ်လျှင် ရုတ်တရက် လဲကျနိုင်သည်။ ထို့ကြောင့် နံနက်ခင်း လေ့ကျင့်မှုမပြုမီ အနည်းငယ် အစာ စားသင့်သည်။ ဥပမာ-ဖီးကြမ်းငှက်ပျောသီး၊ နွားနို့၊ ပဲနို့၊ ပေါင်မုန့် စသည့် အစာကြေလွယ်သော အစားအစာများကို စားသုံးသင့်သည်။ အစာအိမ် မကောင်းသူများအတွက် လေ့ကျင်မှု မစမီ အစာစားခြင်းသည် သင့်မြတ်သော ကုသမှု တမျိုး ဖြစ်သည်။

(၄) အိမ်မှုကိစ္စနှင့် မအားလပ်သော်လည်း ကျန်းမာရေး လေ့ကျင့်ရန်လိုအပ်
တနေကုန် အိမ်မှုကိစ္စနှင့် မအားလပ်ရသူသည် ကျန်းမာရေးလေ့ကျင့်ရန် မလိုမဟုတ်၊ လိုသည်သာ ဖြစ်သည်။အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ် တခုလုံး လှုပ်ရှားခြင်းမဟုတ်။ ဥပမာအားဖြင့် မတ်တတ်ရပ်ရသည့် အချိန်ကြာလျှင် ခါးနာ၊ ခြေထောက်နာပြီး ခြေထောက်သွေးပြန်ကြောများ တွန့်လိမ်လာနိုင်သည်။ နှိုင်းယှဉ်လိုက်လျှင် ကျန်းမာရေး လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးရှိ ကြွက်သားအားလုံးကို လေ့ကျင့်ပေးခြင်းဖြစ်၍ အဆစ်အမြစ်အားလုံး လှုပ်ရှားရပြီး နှလုံး အဆုတ်၊ ကျောက်ကပ် စသည့် အတွင်းအင်္ဂါများလည်း လေ့ကျင့်မှုရသည်။ ထို့အပြင် မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီသော လေ့ကျင့်မှုများ လုပ်နိုင်သည်။ အိမ်မှုကိစ္စ လုပ်ခြင်းကြောင့် ခန္ဓာကိုယ်ကို ဖြစ်စေသော နွမ်းနယ်ကိုက်ခဲမှုကို ဖြေဖျောက်နိုင်သည်။

(၅) အသက်ရှူအောင့်၍ လေ့ကျင့်မှု မပြုသင့်
သက်ရွယ်ကြီးသူ၏ အသက်ရှူကြွက်သား အင်အားသည် လျော့နည်းလာတတ်သည်။ အဆုတ်၏ အမျှင်အဖွဲ့အစည်ျးား တိုးပွားလာပြီး အဆုတ်လေအိတ်ငယ်များ၏ ရုန်းပြန်အား ဆုတ်ယုတ်လာသည်။ ကျန်းမာရေး လေ့ကျင့်သည့်အခါတွင် အသက်အောင့်ထားပါက အသက်ရှူကြွက်သားများနှင့် အဆုတ်လေအိတ်ငယ်များ ပျက်စီးစေနိုင်ပြီး အသက်ရှူလေပြွန်မှ သွေးအန်စေနိုင်သည်။ 

(၆) အိပ်ရာပေါ်တွင် ကျန်းမာရေး လေ့ကျင့်ခြင်း
အိပ်ရာပေါ်တွင် လေ့ကျင့်ခြင်းသည် အိပ်ရာပေါ်မှ ဆင်း၍ လေ့ကျင့်ခြင်းနှင့် တူညီသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။ အထူးသဖြင့်  ရောဂါကြောင့် အိပ်ရာတွင် လဲနေသော သက်ကြီးရွယ်အိုများအတွက် သင့်လျော်သည်။

(၇) နွေး မိုး ဆောင်း ရာသီမရွေး လေ့ကျင့်သင့်
သက်ကြီး ရွယ်အိုများအတွက် အေးချမ်းသော ဆောင်းရာသီ၊ သို့မဟုတ်-ပူအိုက်သော နွေရာသီင်္တို့တွင် ပြင်ပသို့ထွက်၍ လေ့ကျင့်မှု လုပ်ရန် မသင့်လျော်ပေ။ အထူးသဖြင့် ပူအိုက်သော ရာသီတွင် အပူရှပ်၍ ဒုက္ခရောက်နိုင်သည်။ အကြောင်းမှာ သက်ကြီးရွယ်အိုများ၏ အတွင်းအင်္ဂါ လုပ်ဆောင်ချက်သည် လူငယ်ကိုမမီတော့သည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်သည် လူငယ်ထက် ၁၅-ရာခိုင်နှုန်းခန့် လျော့နည်းနေ၍ အပူကာကွယ်ခုခံအား ကျဆင်းနေသည်။

အထူးသဖြင့် ပူပြင်းသော နေ့များတွင် ၃၃-ဒီဂရီ စင်တီဂရိတ် (၉၁.၄ ဒီဂရီ ဖာရင်ဟိုက်) အပူချိန်ရှိလျှင် ကာယလေ့ကျင့်မှု မလုပ်ဘဲ နေရမည်။ အကယ်၍ ပတ်ဝန်းကျင် အပူချိန်သည် ၃၅-ဒီဂရီမှ ၃၆-ဒီဂရီ စင်တီဂရိတ် (၉၆.၈ ဒီဂရီ ဖာရင်ဟိုက်) လမ်းလျှောက်၊ ထမင်းချက် စသည် (နေ့စဉ်လှုပ်ရှားမှု) အားလုံး ရပ်တန့်ရမည်။ နေ့စဉ်လုံလောက်သော ရေကို  ဖြည့်စွက်သောက်သုံးရမည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ) 
(တရုတ်ဘာသာဖြင့် ထုတ်ဝေသော Look Younger Live Lohger စာအုပ်မှ ကောက်နုတ်ဘာသာပြန်ပါသည်)
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)
 
Credit To : mawluu 

အရင်းအနှီး


ဆရာ ထမင်း စားသွားပါလား
တနေ့ နံနက် ၁၁-နာရီလောက်က ရန်ကုန်မြို့တွင်းသို့ ကိစ္စဖြင့်သွားရင်း မိတ်ဆွေတဦး အိမ်ကို ၀င်လိုက်ပါသည်။ ခေတ္တစကားပြောပြီး ပြန်ရန် နှုတ်ဆက်သောအခါ မိတ်ဆွေ၏ဇနီးက ထမင်းစားရန် ဖိတ်ခေါ်ပါသည်။ 

မစားတော့ဘူး အန်တီစန်း၊ ကျွန်တော် ထမင်းမစားတာ တလပြည့်တော့မယ်။
ကျွန်တော်က ပြန်ပြောတော့ အလွန် အံ့သြဟန်ဖြင့် ဟင်-ဘာဖြစ်လို့ ထမင်းမစားတာလဲ။ တလတောင် ထမင်းမစားဘဲ နေနိုင်သလား၊ ဘာစားနေလဲ-ဟု တသီတတန်းကြီး မေးပါတော့သည်။ကျွန်တော်က အစာအိမ် ပြန်ထလို့ မစားဘဲ နေလိုက်တာ၊ တလလောက်ဆိုရင် ပြန်စားလို့ရပြီ။ မနက်ပိုင်း ဆန်ပြုတ် သောက်တယ်၊ ညနေပိုင်း ကွေကာအုတ် သောက်တယ်။ ထမင်းပြန်စားရင်တော့ ညနေဘက် မစားဘူး။ ကွေကာအုတ်ပဲ သောက်တယ်။ ညနေ ထမင်းမစားတာ ဆယ်နှစ်ကျော်သွားပြီ။ ဟု- အကျယ်တ၀င့် ပြန်ရှင်းပြပါသည်။ 

သည်တော့ မိတ်ဆွေ ကိုကျော်က-တလတောင် ထမင်းမစားဘဲ နေနိုင်တယ်ဆိုတာ တကယ် အံ့သြစရာပဲ။ ကျွန်တော်တို့ကတော့ တပတ်တောင် မနေနိုင်ဘူး-ဟု ပြောပါသည်။

ကျွန်တော်က-ဗိုက်ခွဲရမယ်-ဆိုတဲ့ ကျွန်တော့် အစာအိမ်အနာကို ဗိုက်မခွဲဘဲ တနှစ် ထမင်းမစားဘဲ နေလို့ ပျောက်ခဲ့တယ်။ အနာက လုံးဝပျောက်သွားတာ မဟုတ်ဘူး။ မှားရင် ပြန်ထတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က အတော်ကလေး မှားပြီး အတော်ကလေး ပြန်ထလို့ အထူးကုနဲ့ ပြတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ အထူးကုက ဓာတ်မှန်ကို ကြည့်ပြီးတော့ ကျွန်ျတာ့်ကိုပါ ထောက်ပြပြီး-

ကြည့်စမ်း အနာကြီးက နည်းတာကြီး မဟုတ်ဘူး။ ခွဲမှ ဖြစ်မယ်၊ ခွဲဖို့ စီစဉ်ပါ။ ပြီးတော့ ကျွန်တော့်ဆီ ပြန်လာခဲ့။ ဒီမှာ (ပုဂ္ဂလိက ဆေးခန်း) ခွဲချင်လည်း ရတယ်၊ ဆေးရုံ (အစိုးရဆေးရုံ) တက်ခွဲချင်လည်း ရတယ်။လို့ ပြောပါတယ်။ 

ကျွန်တော်က ဟုတ်ကဲ့-ဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြန်ကုလိုက်ပါတယ်။ သုံးလလောက် ထမင်းမစားဘဲ နေလိုက်တယ်။ ဆေးအဖြစ်တော့ နွယ်ချိုပျားရည်ကို ပုံမှန်သောက်တယ်။ တချို့ နှစ်ခါပြန် သုံးခါပြန် ခွဲဖူးတဲ့ လူတွေကို တွေ့ဖူးတော့ သိပ်မခွဲချင်ဘူး။ ဒါကြောင့် မခွဲရအောင် ကြိုးစားနေခဲ့တာပါ။

ကျွန်တော်က ကျွန်တော့်နောက်ကြောင်းကို အနည်းငယ် ပြန်ပြောပြပါသည်။

လုပ်စမ်းပါဦး၊ ကျွန်တော့် သားတော်မောင်လည်း အစာအိမ်ရောဂါ ဖြစ်ချင်နေတယ်၊ ဖြစ်နေပြီ ထင်ပါတယ်။ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ခင်ဗျား ဘယ်တုံးကလောက် စဖြစ်သလဲ။ ဘယ်လိုလုပ်ခဲ့သလဲ။ အစအဆုံး ပြန်ပြောပြပါဦး။ ဟု အားတက်သရော မေးပါသည်။

ကျွန်တော်က ဘယ်အရာမဆို အကျိုးအမြတ်ရဖို့ အရင်းအနှီး ဆိုတာ ရှိတယ်။ များများရင်းနိုင်လေ၊ အကျိုးအမြတ် များလေပေါ့။ ကျန်းမာရေးဘက်က ပြောရရင်
မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊
ဖြစ်ရင် ပျောက်ကင်းအောင် ကုသခြင်း၊
မပျောက်လျှင် မတိုးပွားအောင် ထိန်းသိမ်းထားခြင်း တို့အတွက် အရင်းအနှီးတွေ လိုတယ်။

ဆရာနဲ့ ကုတာကျတော့ ဆရာကို ဆေးဖိုးဝါးခ ပေးရတာရယ်၊ ဆရာ ညွှန်ကြားတဲ့အတိုင်း လိုက်နာရတာရယ် ဆိုတဲ့ အရင်းအနှီး လိုတယ်။ကြိုတင်ကာကွယ်ဖို့ကတော့ "ကျန်းမာရေး ဗဟုသုတနဲ့ လိုက်နာကျင့်သုံးနိုင်မှု"  ဆိုတဲ့ အရင်းအနှီး လိုတယ်။ မတိုးပွားအောင် ထိန်းသိမ်းထားနိုင်ဖို့ကတော့ "ရှောင်ရန် ဆောင်ရန်-ဆိုတာကို သိတဲ့ အရင်းအနှီးနဲ့ ရှောင်နိုင်၊ ဆောင်နိုင်တဲ့ အရင်းအနှီး" လိုတယ်။ ခင်ဗျားတို့လည်း ဗဟုသုတ မသေးကြပါဘူး။ သိပါတယ်။ ကျွန်တော့်အကြောင်းကို ပြောပြမယ်။ ကောင်းမယ်ထင်ရင် နည်းယူဖို့ပေါ့။

ဒီရောဂါမျိုးဆိုတာ ရရချင်းသိတဲ့ ရောဂါ မဟုတ်ဘူး။ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်ရတဲ့ အကြောင်းကတော့
ထမင်းကို အချိန်မှန် မစားဘူး။ 
ငရုတ်သီး သိပ်ကြိုက်တယ်။ 
ဆေးလိပ် အမြဲသောက်တယ်။ 
အရက်ကို ရံဖန်ရံခါ သောက်တယ်။
ဒါလောက်ဆိုရင် အစာအိမ်ရောဂါရဖို့ လုံလောက်တဲ့ အရင်းအနှီး-ပဲပေါ့။

စောစောပိုင်းက လက္ခဏာတွေ ပြခဲ့တာပေါ့။ ဒါပေမယ့် ဂရုမစိုက်၊ သတိ မထားမိခဲ့ဘူး။ ၁၉၆၈-ခုနှစ် ကျွန်တော့်အသက် ၃၈-နှစ်လောက်မှာ ၀န်ထမ်းဘ၀က သင်တန်းတခု သွားတက်ရတယ်။ သင်တန်းမှာ ရှစ်လလောက်ကြာတယ်။ သင်တန်းဆင်းခါနီး ဆယ်ရက်လောက် အလိုမှာ အစာအိမ်ရောဂါ အပြင်းအထန်ဖြစ်လို့ သင်တန်းဆေးခန်းက အင်းစိန်ဆေးရုံ တက်လိုက်ရတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အစာအိမ်မှာ အနာဖြစ်နေတယ်။ ခွဲရမယ်လို့ ပြောတယ်။ ကျွန်တော်က သင်တန်းဆင်းတော့မှ ခွဲပါရစေ၊ သက်သာအောင်ပဲ လုပ်ပေးပါလို့ တောင်းပန်တယ်။ ဒါနဲ့ သုံးရက်နဲ့ ဆေးရုံက ဆင်းလာခဲ့ပြီး သင်တန်းစာမေးပွဲ ဖြေတယ်။ ဆင်းပြီး သက်သာသွားတော့ ခွဲပြီးလည်း အဆင်မသင့်ရင် ပြန်ခွဲရတာပဲ ဆိုတာကိုကားဖူးထားတော့ဆေးရုံပြန်မသွားခဲ့ဘူး။အဲဒီမှာရုံးပြန်ရောက်တော့ကျွန်တော့်ဌာနကအသက်ကြီးဝန်ထမ်းတဦးက-ဆရာတသက်လုံးဗိုက်မခွဲချင်ရင် ကျွန်တော်ပြောတဲ့အတိုင်းလုပ်၊ အာမခံတယ်-လို့ ပြောလာတယ်။ 
သူ့ညွှန်ကြားချက်က 
ပထမ-သုံးလ ဆန်ပြုတ်ရည်ကျဲကျဲ သောက်ပြီး နေရမယ်။ 
ဒုတိယ-သုံးလ ဆန်ပြုတ်ရည် မပျစ်မကျဲ သောက်ပြီး နေရမယ်။
တတိယ-သုံးလ ဆန်ပြုတ်ပျစ်ပျစ်ကလေး သောက်ပြီး နေရမယ်။ 

ပထမ-သုံးလ တနေ့ ၈-ကြိမ်၊
ဒုတိယ-သုံးလ တနေ့ ၆-ကြိမ်၊
တတိယ-သုံးလ တနေ့ ၄-ကြိမ် သောက်ရမယ်။
စတုတ္ထ-သုံးလမှာ ပေါင်မုန့် မထူမပါး ၂-ချပ်နဲ့ ကြက်ဥ မကျက်တကျက် တလုံး၊ ကော်ဖီ တခွက်ကို တနေ့ သုံးကြိမ် စားသောက်ရမယ်။ 
ဒီလို တနှစ် ထမင်းမစားဘဲ နေပြီးနောက် ထမင်းပျော့ပျော့ကို တရုတ် ထမင်းစားတဲ့ ပန်ကန်လုံးနဲ့ မနက် တလုံး၊ ည တလုံး၊ ငါးမွှေ၊ ကြက်သားပြုတ် နူးနူးနဲ့ သုံးလစားရမယ်။ ပြီးရင် ပုံမှန်ပြန်စား။ ဒါပေမယ့် တပန်းကန်ကျကျလေးထက် ပိုမစားနဲ့တော့။ ပြီးတော့ အထူး မှာကြားချက် သုံးချက် ရှိသေးတယ်။ ဘာလဲဆိုတော့---
 ၁။ စားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပိုမစားနဲ့၊ လျှော့မစားနဲ့၊ ပုံမှန်စား။
၂။ ထမင်းစားချိန်ကို သတ်မှတ်ပြီး (၁၅)မိနစ်ထက်လည်း မစောစေနဲ့၊   (၁၅)မိနစ်ထက်လည်း နောက်မကျစေနဲ့။
၃။ ထမင်းစားခါနီး၊ ထမင်းစားနေစဉ်နဲ့ ထမင်းစားပြီးစတို့မှာ ရေအေး လုံးဝ မသောက်နဲ့-တဲ့။

ကျွန်တော်လည်း သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး တသဝေမတိမ်း လိုက်နာတယ်။ ဆန်ပြုတ် စသောက်လို့ ဆယ်ရက်လောက်ရတော့ ပျောက်သလိုဖြစ်ပြီး ထမင်းစားချင်တယ်။ ကျွန်တော် ရအောင် သည်းခံခဲ့တယ်။ တချို့ ကျွန်တော့်ကို သဘောကျလို့ လိုက်လုပ်ကြတယ်။ ဘယ်သူမှ ဆန်ပြုတ်ကို တလပြည့်အောင် သောက်နိုင်သူ မရှိဘူး။ ပြီးတော့-

အပူအစပ်နဲ့ ချဉ်ဖတ်မျိုးစုံ၊ ဆေးလိပ်၊ အရက် တို့ကို လုံးဝ ရှောင်ဖို့နဲ့ ချဉ်ပေါင်၊ ၀က်သား၊ မျှစ် စတဲ့ အစာကြေခဲတဲ့ အစာများကို တတ်နိုင်သလောက် ရှောင်ဖို့ ပြောတယ်။ ကျွန်တော် လိုက်နာခဲ့တယ်။
အဲဒီ အရင်းအနှီးတွေနဲ့ ဒီ အစာအိမ်အနာကြီးကို ခွဲရတဲ့အထိ မရောက်အောင် အနှစ် ၄၀-နီးပါး ထိန်းခဲ့တာပဲ။
ဒါပေမယ့် တခါတရံ မတတ်သာလို့၊ အားနာလို့ ချိုးဖောက်ရမှုတွေ ရှိတတ်ပါတယ်။ အဲဒီအခါ များသွားရင် ပြန်ထတော့တာပဲ။ ပြန်ထရင် ကျွန်တော့်နည်းကတော့ ဆန်ပြုတ်သောက်တဲ့နည်းပဲ။ အခုတော့ ကွေကာအုတ်ပါပေါ့။

ကျွန်တော်က ကျွန်တော့်အကြောင်းကို တတ်နိုင်သမျှ စုံစုံလင်လင် ပြန်ပြောပြသည်။ အင်း-ဖြစ်နိုင်တယ်၊ဒါပေမယ့် လုပ်ဖို့မလွယ်ဘူး။ကျွန်တော့်မိတ်ဆွေကိုကျော်က မှတ်ချက်ချပါသည်။

အကျိုးအမြတ် တခုအတွက် အရင်းအနှီးကတော့ အမှန်ရှိရပါမည်။
ကျွန်တော့်နည်းသည် ရောဂါနုလျှင် သို့မဟုတ်-လုံးဝ ထပ်မမှားလျှင် ပျောက်ကင်း ချမ်းသာနိုင်ပါသည်။

အစာအိမ် ရောဂါရှင်များအတွက်  ဗဟုသုတအဖြစ်နှင့် လိုက်နာကျင့်သုံးလျှင် လိုက်နာကျင့်သုံးသလောက် အကျိုးရှိစေလို့ တင်ပြရခြင်း ဖြစ်ပါသည်။

အားလုံး ကျန်းမာကြပါစေ။

ချောင်းဆုံ အုန်းသွင်

Credit To : mawluu