Wednesday, 1 June 2011

Allergy သို့မဟုတ် မတည့်အတူနေ

Q 1: ကျမ အခုနှစ်ပိုင်းမှာ အသားဆိုရင် မည်သည့်အသားပဲဖြစ်ဖြစ် စားပြီးရင် အလာဂျီဖြစ်လာတယ်။ တကိုယ်လုံး အဖုအပိန့်တွေ ထွက်လာပြီး ယားတယ်။ အသားသတ်လွတ် မစားချင်လည်း စားနေရတယ်။ ဘာဆေး သောက်သင့်ပါသလဲ။
Q 2: Allergic ဖြစ်တာကို အမြစ်ပြတ်အောင် ဘာဆေးစားရမှာလဲဆိုတာ လမ်းညွန်ပေးပါဦးဆရာ။ ကျမမှာလေ seafood တွေကိုစားရင် အရမ်းယားပါတယ်၊
Q 3: သူငယ်ချင်း တယောက်က ခန္ဓာကိုယ် ယားယံတာ တစ်နှစ်ကျော်သွားပါပြီ။

Q 2: Allergic ဖြစ်တာကို အမြစ်ပြတ်အောင် ဘာဆေးစားရမှာလဲဆိုတာ လမ်းညွန်ပေးပါဦးဆရာ။ ကျမမှာလေ Seafood တွေကို စားရင် အရမ်းယားပါတယ်၊ ယားတဲ့နေရာက ခနွာကိုယ်က တနေရာပြီး တနေရာ လည့်ပြီးတော့ကို ယားတာ။ အရင်ကတော့ လက်ချောင်းတွေကြားမှာ အရည်ကြည်ဖုလေးထွက်ထွက်လာတယ် ကုတ်ရင် အဖုက ပိုများလာတယ်။ အခုကျတော့ Seafood အများကြီးစားမိရင် မိန်းမအဂါင်္စပ်မှာ ယားတဲ့အဖု ထွက်လာပါတယ်။ မကုတ်ရဲဘူး။ တအား များလာမှာ စိုးလို့ပါ။ ယားတာကိုလည်း အမြစ်ပြတ်ချင်လှပါပြီ။ ယားလာရင် Adezio သောက်ပါတယ်။ ပိုဆိုးတာက မိတ်ကပ်တွေ လိမ်းရင်လည်း မျက်နှာမှာ ယားတယ်။ အစကတော့ မိတ်ကပ်တွေ မကောင်းလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် အကောင်းစားတွေလည်း ဝယ်စမ်းကြည့်ပြီးပါပြီ။ ယားတာပါပဲဆရာ။ အခုက ရိုးရိုး Skin natural lotion တွေကိုပဲ လိမ်းနေရတာ၊ ဘာမိတ်ကပ်မှကို လိမ်းလို့မရပဲဖြစ်နေတာ။ တခါတလေတော့ အလှတော့ ပြင်ချင်တာပေါ့ ဆရာရယ်။ နှတ်ခမ်းနီတွေ လိမ်းရင်လည်း နှတ်ခမ်း ယားတတ်ပါတယ်။ ဘာနှတ်ခမ်း အရောင်တွေကိုမှ လိမ်းလို့ မရပါဘူး။ ရိုးရိုး အဆီ Lipice တွေပဲ လိမ်းနိုင်တာ။ အဲဒါတောင်မှ NIVEA ကထုတ်တဲ့ Lipice strawberry တမျိုးပဲ လိမ်းလို့ရတာ။ အဲဒီ Allergic နဲ့ပါတ်သတ်ပြီးတော့ ကျမဘယ်လိုပျောက်အောင်ကုရမှလဲဆိုတာ လမ်းညွန်းပေးပါ။

Q 3: သူငယ်ချင်း တယောက်က ခန္ဓာကိုယ် ယားယံတာ တစ်နှစ်ကျော်သွားပါပြီ။ ကုတ်လိုက်ရင်လဲ အပိန်းအပိန်းတွေ ထွက်တယ်။ အဲဒါသူက C Tream အမြဲသောက်နေရတယ်။ နေ့တိုင်းနီးပါးဘဲ။ 24 နာရီ ပြည့်တာနဲ့ ယားတော့တာဘဲ။ အဲဒါ ဘယ်လိုလုပ်ရမလဲလို့ သိရင်ဖြေပေးပါနော်။


A: “အမေးရှိတော့ အဖြေရှိ၏။ အနာသိ ဆေးရှိ၏။ ဘာမှမပူနဲ့၊ ဆရာနဲ့တွေ့ ပျောက်ပြီသာမှတ်။” အရပ်ဆေးဆရာများ ဆိုရင် အဲလိုပြောလိမ့်မယ် ထင်တယ်။ ဆရာဝန်ကို ဆေးပညာ မေးခွန်းမေးပြီး “သိရင် ဖြေပေးပါနော်” ဆိုတော့ ကျွန်တော် ပြောချင်တာကတော့ ဒီလို့။

မေးတဲ့သူတွေ ဖြစ်နေကြတာ (အလာဂျီ) ပါ။ ရေးလိုက်တဲ့အတိုင်း ဖြစ်တဲ့လက္ခဏာတွေက အကုန်မှန်ပါတယ်။ ဖြစ်ရင် အတော် အခံရခက်တာ။ ဒုက္ခသေးသေးလေးကနေ အသက်ကိုပါ ရန်ရှာနိုင်တယ်။ Anaphylaxis ခေါ်တဲ့ (ရှော့ခ်) “အပြင်းအထံ မတည့်ခြင်း” ကတော့ အသက်ရှူတာ၊ နှလုံးခုန်တာတွေ မမှန်ဖြစ်လာပြီး၊ အရေးပေါ်ဆေးကုမှ အသက်ရှင်နိုင်တဲ့အထိ ဆိုးပါတယ်။

Allergic rhinitis ဆိုတဲ့ နှာရည်တွေ တယိုယို ဖြစ်နေတာ။ Asthma ပန်းနာရောဂါ၊ Atopic eczema နှင်းကူနာ၊ Multiple allergies မတည့်ခြင်းပေါင်းစုံ (ပန်းနာ + နှင်းကူးနာ + နှာရည်ယို) အတူတွဲ ဖြစ်နေတာ ဆိုပြီးရှိပါတယ်။ Insect venom သန်း-မှက်-လှေးစတဲ့ အင်းဆက် ကိုက်ခံရတာ၊ Hook Worm ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင် တွေရဲ့ဝတ်မှုံတွေ၊ (ဖန်းဂတ်စ်)မှို၊ အိမ်မွေး တိရစ္ဆာန် ကြောင်၊ ခွေးတွေဟာလည်း (အလာဂျီ)ကို ရစေတဲ့အရာတွေပါဘဲ။

မတည့်တဲ့ အရာတွေထဲမှာ အများဆုံးလည်းဖြစ်၊ အဆိုဆုံးလည်း တစ် ကတော့ Drug allergies ဆေးတမျိုးမျိုးနဲ့ မတည့်တာ ဖြစ်ပါတယ်။ “ဆေး” ဆိုတဲ့ ဗမာစကားဟာ အတော်ကို ကောင်းတာပါ။ ဆေးလို့ ပြောတာနဲ့ ရောဂါဘယတွေ ကင်းစေမယ်။ ခွန်အားကိုပေးမယ်။ “ပျောက်စေ” ဆိုတဲ့ စေတလုံးပိုင်လို့ အဓိပ္ပါယ်ကို ဆောင်တာပါ။ တကယ်တော့ ဆေးဟာ အကောင်း-အဆိုး ဒွန်တွဲနေတာမျိုး ဖြစ်ပါတယ်။ ဘယ်ဆေးမှာမဆို Side-effect ဆိုတဲ့ ဘေးထွက် ဆိုးကျိုးတွေ အနည်းနဲ့အများ ရှိကြတယ်။ အဲဒါတွေထဲမှာ (အလာဂျီ) ဆိုတာက တခုပါ။

အစားအသောက်ကြောင့် ဖြစ်ရတာကို (အလာဂျီ) အမျိုးအစား(၁)လို့ သတ်မှတ်ပါတယ်။ Food allergies ထဲမှာ Seafood ပင်လယ်စာ၊ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံ၊ အချဉ်သီး၊ ခရမ်းချဉ်သီးတွေပါတယ်။ ကဲ သိပြီနော် အသားတွေကသာ (အလာဂျီ) ရစေတာ မဟုတ်ဘူး။

ခရီးဝေးတခုသွားရင်း တခြားနိုင်ငံတခုမှာ (တက်စီ) သမားနဲ့ လေပေးဖြောင့်လာတော့ သူကမေးတယ်။ “ခုခေတ်မှာ Allergy ဆိုတာ သိပ်ပေါတယ်။ ဘာလို့လဲ။ အရင်က အဲလိုမရှိပါဘူး” တဲ့။ ဆိုချင်တာက ကျွန်တော်တို့ဆီမှာသာမဟုတ် သူများ တိုင်းပြည်တွေမှာပါ ဒုက္ခပေးပါတယ်။ ဖြစ်နိုင်တာက အရင်တုံးက မရှိခဲ့တာတွေ အခုရှိလာနေလို့ ဖြစ်ရတယ်လို့ ပြောရမှာပါ။ အရင်က မရှိတာတွေထဲမယ် အစားအသောက်နဲ့ အသုံး အဆောင်တွေ အစုံပါဘဲ။ အသစ်ထွင်လိုက်တဲ့ ပစ္စည်းမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ ဒါတွေကြောင့် နောက်ဆက် ဖြစ်လာရတဲ့ အနံ့အသက်သစ်တွေ၊ လူပြော များလာပြီ ဖြစ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေကိုပါ လက်ညှိုးထိုးရမှာ ဖြစ်တယ်။

မတည့်တာတခုခု ကိုယ်ခန္ဓာထဲ ဝင်လာရင် လူကနေ သူ့ကို တန်ပြန်နိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) ဆိုတဲ့ ဆေးပညာလို ပြောရရင် IgE တနည်းပြောရရင် “အတွင်းအား” ဆိုတာ အလိုလို ထွက်လာတယ်။ သူ့လူနဲ့ ကိုယ့်လူ ရန်ဖြစ်-စစ်ခင်း ကြတာကို (အလာဂျီ) လို့ ခေါ်လိုက်တာပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ဝမ်းပျက်၊ စတာတွေ တခုဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြစ်လာမယ်။

စစ်ကိုင်းဆေးရုံကြီးမှာ တာဝန်ကျတုံးက အပြာဝတ်ဆရာမတဦးရဲ့ခင်ပွန်း ဆံပင်ဆိုးဆေးအသစ် သုံးမိတာ ဆေးရုံတောင် တက်ကုရတယ်။ ဒါ့ကြောင့် ဆံပင်ဆိုးဆေး မှန်သမျှကို မသုံးခင် စမ်းရတယ်။ လက်ဖျံပေါ်မှာ ဆိုးဆေးကို တို့ထားပြီး၊ ၅ မိနစ်၊ ၁ဝမိနစ် စဖြင့် စောင့်ကြည့်ရတယ်။ နီရဲ၊ ယားယံလာတာ မဖြစ်မှ ဆံပင်ကို ဆိုးရမယ်။

အနာသိ ဆေးရှိလို့ ဆိုပေမဲ့ အနာထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့ လိုလာတယ်။ အများစုသော လူနာတွေက ဘာကိုမတည့် ဖြစ်နေတာကို မသိကြပါ။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရတာပေါ့။ မတည့်ဘူး ထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ Desensitization သွေးစမ်းနည်းနဲ့ အရေပြား စမ်းနည်းဆိုပြီး ရှိပါတယ်။ ကရိကထ အတော်များပါတယ်။

ဒီလိုမျိုး လုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အား ကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲ ဆိုတာ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မဲမဲမြင်တိုင်းတော့ တစ္ဆေမမှတ်လေနဲ့။ လူသုံးပုံတပုံလောက်က အစား တမျိုးမျိုး ရှောင်နေကြတယ်လို့ ပြောနိုင်ပေမဲ့ တကယ် မတည့်တာကတော့ ၃% လောက်သာရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။ သူငယ်ချင်းချင်း နောက်တာရှိတယ် မဟုတ်လား၊ “နင် အရင်စားကြည့်၊ နင် ဘာမှမဖြစ်မှ ဒို့စားမယ်။” ဒါဟာ အတော် ပညာရှိတဲ့နည်းဗျ။

ဗမာလူမျိုးပီပီ ခန့်မှန်းတာကို လွယ်လွယ်ကြီး လုပ်တတ်တယ်။ “ဒါကြောင့် ထင်တယ်”။ “ဒါများလား မသိ”။ ဘေးက လူတွေကလည်း စေတနာတော့ ရှိတာပေါ့။ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ ဒီလိုနဲ့ ရှောင်လိုက်ရတာများ စားစရာကို မရှိတော့ဘူး။ အသားကြောင့်ထင်လို့ (ဗက်ဂျီ) လုပ်လိုက်ရတဲ့အဖြစ်က ဒါ့ကြောင့်ပေါ့။

အမှန်က မတည့်တာ တမျိုးထည်း ဖြစ်လေ့ရှိတာပါ။ တမျိုးမှာတောင် တိတိကျကျ ပြောရရင် တမျိုးထဲကမှ တမျိုးက မတည့်တာမျိုး။ ခေါင်းရှုတ်မသွားနဲ့၊ ဒီလိုပါ။ ဟင်းတခွက် ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ် မဟုတ်လား။ အဲဒီထဲက နံနံပင် ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုထဲ ဖြစ်မှာပါ။

အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့် လုပ်ထားတာကိုး။ မွှေးအောင်လုပ်တဲ့ ဓါတုပစ္စည်းလေးတခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ (ကော့စ်မက်တစ်) လို့ခေါ်တဲ့ အလှသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။ မိတ်ဆွေတဦးရဲ့ဇနီးဆိုရင် ဆပ်ပြာမှန်သမျှ မတည့်တဲ့ဘဝ ရောက်နေရရှာတယ်။ သူတို့ အမေရိကားရောက်တော့လည်း ဒီအတိုင်းဘဲတဲ့။ အလာဂျီ ရလို့ ဗမာပြည်က ခွါတာတော့ မလုပ်နဲ့ပေါ့။

ရှောင်ရန် မသိသေးရင် ဆောင်ရန်ကတော့ Antihistamines ဆေးများပါဘဲ။ Allergy ဖြစ်ရင် သွေးဖြူဥတမျိုးဖြစ်တဲ့ Basophil ကနေ Histamine ထုတ်ပေးတယ်။ ဒါကို ဆန့်ကျင်တဲ့ဆေးပေါ့။ (ဘာမီတွန်) လို ဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ ဒီဆေးမျိုးတွေဟာ Over-the-counter (OTC) drugs လို့ခေါ်တဲ့ ကောင်တာပေါ် တင်ပြီး၊ ဆရာဝန်လက်မှတ် မလိုဘဲ၊ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဆေးအမျိုးတွေထဲမှာ ပါတယ်။ ဆေးပြားသာမက အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင် ရှိပါတယ်။

(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေ ပေါ်လာပါပြီ။ နောက်မျိုးဆက်တွေက တယ်တော်ကြတာကိုး။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေ ဖြစ်နေရင် သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ အလုပ်လုပ်စရာမရှိအောင် ကံကောင်းသူများ ဆိုရင်တော့ အံကိုက်ဘဲ။

Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ မျိုးဆက်မို့ ပိုကောင်းတယ်။

(အလာဂျီ) ရတတ်သူများ လက်ကိုင်အိပ်ထဲမှာ Cetirizine hydrochloride ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါ ခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။ တဝက်၊ လေးပုံတပုံ။ ဆေးဆိုတာ ကိုယ်အလေးအချိန်နဲ့ ပေးရတာ။ ဇာတာသက်ကြည့် ပေးတာ မဟုတ်ပါ။

ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ ပရုပ်ဆီအနီ အသုံးကျပါတယ်။ (အင်တီ-ဟစ်တမင်း) ပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Xylocaine (Lidocaine) 2% ထုံဆေးပါတဲ့ Spray နဲ့ Cream နှစ်မျိုး အတူတူဘဲ။ Calamine Lotion က ချက်ချင်းဆိုသလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ်။

(ကော့စ်မက်တစ်) ကို ရှောင်နိုင်သမျှ ရှောင်ပါ။ သဘာဝပစ္စည်းတွေဖြစ်တဲ့ သနပ်ခါး၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်ထက် မက်စရာ မရှိပါ။ အသစ်တွေ ဘယ်လို ဆန်းဆန်း၊ အကောင်းစားလို့ ဘယ်လိုကြွားကြွား၊ သဘာဝ၊ ရိုးရာ၊ ထုံးစံမဟုတ်တာ မှန်သမျှ မေးခွန်း ထုတ်ခံနေကြရပါပြီ။ (အလာဂျီ) ဟာ Alien သဘောဖြစ်ပါတယ်။

(အလာဂျီ)က မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် “အမေ-အဖေကို ရွေးပြီးမှ အမျိုးတော်ကြပေတော့။” ငယ်တုံးက မတည့်ပေမဲ့ ကြီးလာတော့ ရှောင်စရာ မလိုတော့တာလည်း ဖြစ်တတ်တယ်။ လူကြီးများ ဒီနေရာမှာ ကံကောင်းတယ်နော်။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့ကြီးတွေမှာ ပိုဖြစ်တတ်တယ်။ တောသူ-တောင်သားတွေက ဒီတချက်မှာ စားတယ်။ ယောက်ျားလေးများက မိန်းကလေးတွေထက် အဖြစ်များသတဲ့။ “အမျိုးသမီးများ ဂုဏ်ယူကြပါလေ။” ဒါပေမဲ့ (အလာဂျီ) အကြောင်း မေးတာက အမျိုးသမီးတွေချည်း ဖြစ်နေတာမို့ မြန်မာ အမျိုးသမီးတွေ သုတေသန လုပ်တဲ့အထဲ ပါသွားကြပုံမရဘူး။ နောက်တခါလာရင် Ladies first အမျိုးသမီးများ ရှေ့ကရပ်။

Q and A Cetirizine
ဆရာရှင့်
Allergy သို့မဟုတ် မတည့်အတူနေ ဆိုတဲ့ post နဲ့ဆရာပြန်ကြားပေးချက်ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ကျွန်မ အခုသိချင်တာလေး တခုရှိနေလို့ပါ။ အဲဒီ Cetirizine ဆေးကို အမြဲတမ်း (နေ့စဉ်) သောက်သုံးနေရင် ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ ခုဆို သတိခဏခဏ မေ့တတ်နေတာ အဲဒါနဲ့ဆိုင်ပါသလားဆရာ။ နောက်ပြီး ခုလိုအမြဲယားယံနေတာကို လုံးဝပျောက်သွားအောင် ကုသလို့ရပါသလားဆရာ။ ကုသလို့ ရနိုင်မယ့် နည်းလမ်းများ ရှိရင် ဆရာ့ အနေနဲ့ လမ်းညွှန်ပေးစေချင်ပါတယ်။ သူကတော့ ဆရာ့ post ကိုပေးဖတ်တော့ သန်ချကြည့်မယ်လို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆရာပြန်ကြားပေးစေချင်ပါတယ်ရှင့်။ ဆရာ့ရဲ့ လူတိုင်းအပေါ်ထားတဲ့ ကျန်းမာစေချင်တဲ့ စေတနာတွေကြောင့် ဆရာလဲ ကျန်းမာ၊ ချမ်းသာပါစေလို့ အစဉ်ဆုတောင်းပေးလျက်...
လေးစားစွာဖြင့်
အိအိ


Cetirizine (HCl) ဘေးထွက်ဆိုးကျိုးများ = မဆိုးပါ။ သာမန်လောက်သာ ဖြစ်ပါတယ်။ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ အိပ်ချင်၊ အစာအိမ်အောင့် (ကလေးများ)၊
ဆေးနဲ့မတည့်တဲ့ လက္ခဏာများ = အရေပြားအနီုပင်ထွက်၊ ယား၊ အသက်ရှူခက်၊ ရင်ကြပ်၊ မျက်နှာ နုတ်ခမ်း၊ လျှာ ရောင်လာ၊ ဆီးအရောင်ရင့်လာ၊ သတိလစ်ချင်သလိုဖြစ်လာ၊ ခေါင်းမူး၊

၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို Cetirizine hydrochloride ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသန လုပ်ခြင်း ရလဒ်များ
အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
ခေါင်းကိုက် = ၁၁-၁၄%
လည်ချောင်းနာ = ၆့၂-၂့၈%
ဗိုက်နာ = ၄့၎-၅့၆%
ချောင်းဆိုး = ၄့၎-၂့၈%
ဝမ်းပျက် = ၁့၉-၄့၂%
နှာခေါင်းသွေးယို = ၃့၇-၁့၉%
ပျို့ချင် = ၁့၉-၂့၈%
အန် = ၂့၅-၂့၃%
ရင်ကြပ် = ၃့၁-၁့၉%

ယားယံတာကို ဖြစ်စေတဲ့ အကြောင်းရင်ကို ရှာနိုင်-ရှောင်နိုင်ရင် ပျောက်မှာပါ။

Credit TO : Dr. တင့်ဆွေ

No comments:

Post a Comment