Wednesday, 1 June 2011

Appendix အူအတက်

Q: မရှင်းတာလေး ၁ခုလောက်ရှိလို့ မေးခွင့်ပြုပါဆရာ။ ဝမ်းဗိုက်၏ ညာဘက်ချက်အောက်ဘက်က ဗိုက်အောင့်တိုင်း အူအတက် ဖြစ်နိုင်ပါသလား။ အမြဲတမ်း မအောင့်ပဲ တခါတလေမှ အောင့်ပြီး ၁၅ မိနစ်လောက်နေလျှင် ပြန်ပျောက် သွားပါတယ်။ အောင့်လျှင်လည်း ခါးကုန်းနေသည်အထိ အောင့်ပါတယ်။ အူအတက် သို့မဟုတ် မည်သည့် ရောဂါ ဖြစ်နိုင်ပါသလဲ။ မည်သို့ ကုသ၍ ရနိုင်ပါမည်ကိုလဲ ကျေးဇူးပြု၍ ညွှန်ကြားပေးစေလိုပါတယ် ဆရာ။

A: အူအတက်ရှိတဲ့နေရာကို အပြင်ကနေ အတိအကျသိချင်ရင် စိတ်ကူးမျဉ်းဆွဲရတယ်။ “ချက်” ရယ်၊ “တင်ပါးဆုံရိုးပြား ထိပ်နေရာ” ရယ်ကို မျဉ်းတကြောင်းဆွဲပါ။ အဲဒီနေရာဆိုတာက ခါးဘေးအောက်၊ ပေါင်အထက်မှာ လက်နဲ့စမ်းရင် အရိုးမာမာ ဘုကလေးလို ရှိနေတဲ့နေရာပါ။ ပိန်ပိန်-ဝဝ စမ်းလို့ရတယ်။ တင်ပါးမှာ ဆေးထိုးတဲ့အခါ အဲဒီအရိုးစွန်းလေးကို လက်မနဲ့ စမ်းပြီးထိုးတာ ကောင်းတဲ့သင်ကြားမှုကို ရထားသူဖြစ်တယ်။

ဆွဲထားတဲ့မျဉ်းကို သုံပိုင်းညီညီ စိတ်ထဲမှာဘဲ ပိုင်းကြည့်လိုက်ပါ။ ချက်ဘက်က ၂ ပိုင်းနဲ့ အရိုးစွန်းဘက်က ၁ ပိုင်း ဆုံရာ နေရာရဲ့ အောက်တည့်တည့်မှာ အူအတက်က ရှိနေတယ်။ အူအတက်မှာ တခုခုဖြစ်ရင် အများဆုံးနာတာက အဲဒီ (ပွိုင့်)မှာ နာတာက အများဆုံး ဖြစ်တယ်။ နည်းနည်းလွဲတာလည်း ရှိတာပေါ့။

အူအတက်ရောဂါတွေမှာ Acute Appendicitis ရုတ်တရက်ရောင်တာရယ်၊ Sub-Acute Appendicitis ရက်ပိုကြာတာရယ်၊ Appendicular Abscess, Burst Appendix ပြည်တည်-ပေါက်ထွက်သွားတာရယ်၊ Appendicular Lump အစိုင်အခဲ ဖြစ်နေတာရယ် ဆိုပြီးရှိတယ်။ ရုတ်တရက်ရောင်ရင် ချက်ချင်းဖြစ်၊ ချက်ချင်း ဆရာဝန်ဆီရောက်၊ ချက်ချင်း ခွဲစိတ်ရတာမျိုး ဖြစ်တယ်။ နာရင်လဲ ခေတ်စကားနဲ့ဆို အသားကုန်နာတာပေါ့။ ပေါက်သွားရင် ရုတ်တရက်ရောင်တာထက် ပိုနာတယ်။

သိပ်မဆိုးလို့ ဆရာဝန်ဆီလည်း မရောက်၊ ပေါက်လဲမထွက်သူတွေက ရက် နည်းနည်းရှိမှ ရောက်လာတတ်တယ်။ ချက်ချင်း ခွဲစရာလည်း မလိုဘူး။ ရက်နောက်ကျမှာလာသူတွေကို ပြောခဲ့တဲ့နေရာကို သေခြာခြာစမ်းရင် အစိုင်အခဲကို တွေ့နိုင်တယ်။ ဒီလိုလူနာကိုလည်း ချက်ချင်းမခွဲဘူး။ ၂ လတန်သည်၊ ၃ လတန်သည် စောင့်ပြီး၊ အေးအေးဆေးဆေး လူနာလည်းအား ဆရာဝန်လည်း အလုပ်မများချိန်မှာ ရက်ရွေးပြီး ခွဲစိတ်ရတယ်။

ပြောတဲ့နေရာမှာ နာတိုင်း အူအတက် ဟုတ်ချင်မှ ဟုတ်တယ်။ အူအတက်ရောဂါဖြစ်တာကို ပိုသေခြာအောင် စမ်းရမယ်။ ဆေးခန်း လက်ထောက်ဆရာမတွေကို သင်ပေးသလို ရေးပါရစေ။ လူနာကို ပက်လက်ထား၊ ဗိုက်ကို လက်ဝါးပြင်နဲ့ အသာအယာ စမ်းပါ။ အူအတက်ရှိတဲ့နေရာကို တခါတည်း သွားမစမ်းသေးနဲ့အုံး။ စမ်းတဲ့လက်နဲ့ လူနာ့ဗိုက် ရင်းနှီး ကြွမ်းဝင်သွားအောင် စကားစမြီပြောရင်း စမ်းပါ။ ပိုင်ပိုင်နိုင်နိုင်၊ ကိုယ့်လက်ဝါးနဲ့ သူ့ဗိုက်သားနဲ့ အမျိုးတော်နေသလို ဖြစ်အောင်လုပ်ပြီး စမ်းပါ။ ခဏနေမှ အူအတက်ရှိရာ တည့်တည့်ကို တပဲသားမှ လွဲမသွားအောင် စမ်းပါ။ နာ-မနာ ဆိုတာ သိဘို့ဖြစ်တယ်။ စမ်းနေရင်း လူနာကို နာသလား မေးစရာ မလိုသေးဘူး။ လူနာ့ မျက်နှာကိုသာ ကြည့်နေပါ။ နာတာကို အမူအယာနဲ့ သိနိုင်တယ်။ မျက်နှာ ရှုံ့သွားမယ်။ လိုမှသာ နာ-မနာမေးပါ။

နာတာကို ဘာသာပြန်ရင် Pain, Painful ပေါ့။ အမှန်က ခံစားရသူကနေ “နာတယ်ဆရာ” လို့ ဆရာဝန်က လက်နဲ့မထိခင် ပြောတာကိုသာ အဲလိုခေါ်တယ်။ စမ်းကြည့်တဲ့အခါ နာတာကို Tenderness လို့ ခေါ်ရတယ်။ အူအတက် ရောင်ရင် Pain ရော Tenderness ရောရှိတယ်။ လေနာသမားကို စမ်းရင် Pain ရှိပေမဲ့၊ စမ်းတဲ့လက်ကြောင့် အနာတောင် သက်သာနိုင်တယ်။

နာတာသိယုံနဲ့ “ဟာ အူအတက်ကွ” လို့ ဆုံးဖြတ်ချက်ကို (ဂျမ့်ပ်) မလုပ်နဲ့အုံး။ ဆက်စမ်းရအုံးမယ်။ နာပါတယ်ဆိုတဲ့ အူအတက်နေရာကို အသာအယာ ဖိပေးထားပြီး၊ ရုတ်တရက် စမ်းတဲ့လက်ကို ၉ဝ ဒီဂရီ ပြန် မ, ပြစ်လိုက်ပါ။ အဲဒီအခါ လူနာ့မျက်နှာ တခါထပ်ရှုံ့လိမ့်မယ်။ မတတ်သာလို့ “မရွှေတက်” နှစ်ခါနာ ဖြစ်အောင်လုပ်ရတာ။ “ဆောရီး” နော်။ ပိုသေခြာလာပြီ။ အဲ့ လူနာနားက မခွါနဲ့အုံး။

စမ်းတဲ့လက်ကို အူအတက် မရှိတဲ့ ဗိုက်အောက်ပိုင်း ဘယ်ဘက်ခြမ်းကို စမ်းပါ။ မေးရင် မနာဘူးပြောမယ်။ အဲဒီဘက်ကနေ အူအတက်ဆီ တွန်းပေးကြည့်လိုက်ပါ။ ရောင်နေတဲ့ အူအတက်ဆီ တဖက်က အူတွေကို တွန်းဖိပေးလို့ နာပြန်ရတာ ဖြစ်တယ်။ “မရွှေတက်” ခင်ဗျာ တတိယမိနာတယ် ပြောလိမ့်မယ်။ ဒုတိယမိ “ဆောရီး” နော်။

ပိုပိုသေခြာလာပြီ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပူတယ် မပြောလည်း အဖျားတိုင်းပါ။ အပူချိန် မြင့်နေရင် ပြောပေတာ့။ “ယူ့ အပဲန်ဒစ် တခုခုဖြစ်နေပြီ” လို့။

တော်တော့ဆရာက ဒါလောက်ဘဲ သင်မယ်။ ကိုယ်သင်တဲ့ ဆရာမ အကုန်အစင် ရစေချင်တယ်။ ဆက်မေးစရာ၊ စမ်းစရာ၊ ကျန်သေးတယ်။ လူနာတွေဟာ တယောက်နဲ့ တယောက် အနာခံနိုင်တာ မတူကြသလို ပညာခံလည်း ကွာတယ်။ တချို့က သဲတယ်။ ပါလာတဲ့ အမျိုးတွေရှေ့ ချွဲချင်လို့ ဟိုနေရာစမ်းလည်း နာတယ်၊ ဒီနေရာလည်း နာတယ်၊ လုပ်တတ်တယ်။ တချို့က ပညာခံနည်းတော့ မပြောတတ်ဘူး။ တိတိပပ သိရအောင်လုပ်ရမယ်။ Sympathy ကို ခဏထား Empathy နဲ့ စမ်းပါလေ။

လူနာက အမျိုးသမီးဆိုရင် ဆက်မေးစရာတွေ ရှိလာပြီ။ အဖြူဆင်းသလား မေးပါ။ ဆင်းရင် ယားသလား မေးပါ။ မွေးလမ်းကြောင်း ရောင်တာလည်း ထည့်စဉ်းစားရမယ်။ သားအိမ်ပြွန် ညာဘက်ရောင်နေရင် အူအတက်နေရာနဲ့ သိပ်နီးလို့ နာတဲ့နေရာ တူတယ်။ အူအတက်က သူချည်းဖြစ်ရင် အဖြူမဆင်းဘူး။ ဘယ်ဘက်ပါ နာချင်နာနေမယ်။ ဒါဆို အူအတက် မဟုတ်နိုင်တော့ဘူး။

ရာသီမှန်-မမှန် မေးပါ။ မမှန်ရင် ထိန်သလား။ အိမ်ထောင်ရှိရင် ကိုယ်ဝန်ရှိလား မေးပါ၊ စစ်ပါ။ ကိုယ်ဝန်နုတုံး၊ သားအိမ်ပြင်ပ၊ ညာဘက်ပြွန်မှာ ကိုယ်ဝန်တည်ရင် ဆင်တူနေပြန်တယ်။

ကလေး-လူကြီး၊ အမျိုးသမီး-အမျိုးသား၊ သန်ကောင်ကိုလည်း ထည့်စဉ်းစားပါ။ Pain ဘဲရှိမယ်။ Tenderness မရှိဘူး။

နောက်တခါ ဝမ်းကိုက်ဘူးတဲ့ ရာဇဝင်လည်း မေးပါအုံး။ (အမီးဗား) ဝမ်းကိုက်ပိုးက အူမကြီးအစပိုင်း၊ အူအတက် ထွက်တဲ့နေရာ Caecum မှာ လာရောင်တတ်တယ်။ သူကလည်း ဖျားနိုင်တယ်။ အစိုင်အခဲလိုလိုလည်း စမ်းလို့ရတယ်။ Appendicular lump နဲ့ ခွဲသိရမယ်။

ဆီးလမ်းကြောင်းမှာ ကျောက်ကပ်ကနေ ဆီးအိမ်ကို ဆင်းတဲ့ Ureter ဆီးပြွန် ညာဘက်ထဲမှာ ကျောက်က တစ်နေရင်လည်း နာတယ်။ နာတာက အူအတက်ထက်တောင် နာတယ်လို့ ပြောနိုင်တယ်။ ချွေးပြန်တဲ့အထိ။ သူနာတာကို Pain လို့ မခေါ်ဘူး။ Agony လို့ ခေါ်မှ တိကျတယ်။ ချုပ်လိုက်ကြအောင်။ မေးတဲ့သူမှာ Acute Appendicitis မဟုတ်နိုင်ပါ။ လိုတာတွေ စစ်ပါ။ လိုတယ်ထင်သေးရင် မေးပါ။

Credit To : Dr. တင့်ဆွေ

No comments:

Post a Comment